ဗြုတ်စဗျင်းတောင်းများနဲ့ စိတ်ကျန်းမာရေးအကြောင်း
လူတို့ဟာ မအားလပ်သေးဘူး၊ အချိန်မရှိဘူး စသည့်ဖြင့် ဆင်ခြေပေးကာ ပစ္စည်းတွေ စုပုံရှုပ်ပွနေပေမဲ့ " ရှင်းဦးမှပါလေ" ဆိုပြီး တွေးတဲ့ အဆင့်ကနေ လက်တွေ့ရှင်းတဲ့ဆီ မရောက်ဘဲ ထပ်တိုးရှုပ်ပွလာရင်းနဲ့သာ နေနေတတ်ကြပါတယ်။ အရေးတယူမလုပ်ဘဲ ဒီတိုင်းကျော်သွားဖြစ်တာ များပါတယ်။ ဗြုတ်စဗျင်းထောင်းတွေကြောင့် စိတ်ဖိစီးမှုပိုဆိုးရတယ်။ အာရုံစူးစိုက်ဖို့ ခက်ခဲရတယ်။ လူအချင်းချင်း ဆက်ဆံရေးမှာပါ မကောင်းတဲ့ သက်ရောက်မှု ပေးနိုင်တယ်လို့ မမှတ်ယူကြပါဘူး။လူအများစုဟာ ဗြုတ်စဗျင်းထောင်းများနဲ့ စိတ်ကျန်းမာရေး ဆက်စပ်မှုရှိတယ် ဆိုတာကို သတိမမူမိကြပါဘူး။
သင့်မှာ အသုံးမလိုတော့သော လျှပ်စစ်ပစ္စည်းအဟောင်းတွေ၊ မတော်တော့တဲ့ အဝတ်တွေ ရှိနေသေးပါသလား။ သင့်မှာ 'လိုကောင်းလိုဦးမှာပါလေ' ဆိုပြီး သိမ်းထားဖြစ်ပေမဲ့ မသုံးတဲ့ ပစ္စည်းတွေ ပြည့်နေတဲ့ အံဆွဲရှိနေပါသလား။ သင်ဟာ ပျောက်သွားတဲ့ ပစ္စည်းအတွက် အသစ်ဝယ်ရဦးမယ် ဆိုပြီး တွေးနေမိသလား။ အိမ်ထဲမှာ ပစ္စည်းတွေ ကြပ်ညှပ်နေလို့ ဘီဒိုတံခါးကို ခက်ခက်ခဲခဲ ဖွင့်နေရသလား။ အိမ်က ရှုပ်ပွလွန်းလို့ ဧည့်သည် ရုတ်တရက် ရောက်လာမှာကို တွေးပူနေရပြီလား။ အဝတ်ဝတ်ဖို့ အဝတ်ပုံကြီးကို လှန်လှောရှာဖွေနေရပြီလား။ အိမ်ကထွက်ခါနီး ပစ္စည်းတွေကြားထဲကနေ သော့ရှာရ၊ ပိုက်ဆံအိတ်ရနဲ့ ရုန်းကန်နေရပါသလား။ ဒီမေးခွန်းအတော်များများအတွက် အဖြေဟာ Yes ဆိုရင်တော့ 'ဘာလုပ်သင့်ပြီလဲ'လို့ ကိုယ့်ကိုကိုယ် ဆန်းစစ်မိလောက်မယ် ထင်ပါတယ်။
လေ့လာတွေ့ရှိချက်တွေအရ အရှုပ်အပွတွေများတဲ့ အိမ်က လူတွေမှာ stress hormone cortisol ဟော်မုန်း မြင့်တက်နေတတ်တယ်။ အရေးကြီးတဲ့ ကိစ္စရပ်တွေအပေါ် အချိန်ဆွဲနေတတ်ပါတယ် (ဥပမာ လျှော်စရာ အဝတ်တွေများလာတော့ မလျှော်ချင်တော့တာမျိုး၊ bill ဆောင်ဖို့ စာရွက်ကို ရှာရဦးမယ် ဆိုတာမျိုး စသည်ဖြင့်) ။ အတူနေ အိမ်သားများ၊ အခန်းဖော်များ နဲ့ အငြင်းပွား စကားများရတာမျိုးလည်း ကြုံရပါတယ်။ အကြောင်းကတော့ မိမိပစ္စည်းများ နေရာယူခြင်းကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် မိမိအခန်းမှာ ရှုပ်ပွနေတတ်တာကြောင့် မိတ်ဆွေသူငယ်ချင်းများကို ဖိတ်ခေါ်ရမှာ ရှက်တာမျိုးတွေ ကြုံပါများလာတော့ ကိုယ်တိုင်က ပေါင်းသင်းဆက်ဆံရေးကြဲသယောင် ခံစားလာရပါတယ်။
တိုလီမုတ်စ အရှုပ်အပွများကြား အချိန်အတော်များများ စိတ်မကြည်မလင်ဖြစ်နေရခြင်းကြောင့် တစ်နေ့တာတာဝန်တွေပါ ပြီးမြောက်ဖို့ ရုန်းကန်နေရတတ်ပါတယ်။ အနားယူရမယ့်အစား ပစ္စည်းရှာနေရတာမျိုးနဲ့တင် လုံးပန်းနေရတတ်ပါတယ်။ ဒါ့အပြင် မိမိတို့ရဲ့ ဦးနှောက်သည် တစ်ကြိမ်လျှင် ကန့်သတ်ထားသလောက် လှုံ့ဆော်မှုကိုသာ အာရုံစိုက်နိုင်သည့်အတွက် ဒီဗြုတ်စဗျင်းတောင်းများကိုပါ မလိုအပ်ဘဲ အာရုံရောက်ရတဲ့အခါ အလုပ်လုပ်ရာမှာ ရှင်းရှင်းလင်းလင်း စဉ်းစားတွေးတောဖို့ ခက်ခဲစေပါတယ်။ ရှုပ်ပွနေသော ပတ်ဝန်းကျင်အနေအထားကြောင့် စိတ်ကိုထိန်းချုပ်နိုင်စွမ်းပါ အားနည်းလာကာ မကျန်းမာသော စားသောက်မှုပုံစံကိုပါ ဖြစ်ပေါ်စေတဲ့အထိ စိတ်ကျန်းမာရေးအပေါ် ပရမ်းပတာဖြစ်စေပါတယ်။
ဒါကြောင့် တစ်အိမ်လုံးကို ရှင်းရသည့်တာဝန်သည် စတင်ရမှာ ထိတ်လန့်စရာကောင်းပေမဲ့ ကြိုးစားကြည့်ပါ။
- အချိန်တစ်ခု သတ်မှတ်ကာ နည်းနည်းချင်း၊ ဖြေးဖြေးချင်း ရှင်းလင်းပါ။ (ဥပမာ တစ်ပတ်မှာ အချိန်တစ်နာရီယူပြီး အိမ်ရဲ့ နေရာလေးတစ်ခုကနေ စတင်ရှင်းလင်းဖို့ ကြံစည်ပါ။)
- ပစ္စည်းတွေကို လှူဖို့၊ သိမ်းထားဖို့၊ ပစ်ဖို့၊ ဘာလုပ်ရမှန်း မသေချာသေးသော ဆိုပြီး လေးမျိုး ခွဲခြားသတ်မှတ်လိုက်ပါ။
- အသုံးများသောနေ့စဉ်သုံး၊ အသုံးနည်းသော ပစ္စည်း စသည့်ဖြင့် စီမံလိုက်ပါ။
- ပစ္စည်းများကို နေရာသတ်သတ်မှတ်မှတ် ထားတတ်သော အလေ့အကျင့်ကို ကြိုးစားမွေးမြူကြည့်ပါ။
ရေးသားသူ - Dr. MMT